ဒေါက်တာပဒေသာတင်
ရေးသားသူ – ခက်ဇော်(The Voice)
ရန်ကုန်မြို့၊ မောင်ထော်လေးလမ်းရှိ တိုက်ခန်းကျဉ်းလေးတစ်ခု၏ အနောက်ဘက် ဝရံတာတွင် ကလေးငယ်တစ်ဦး ထိုင်နေသည်။ ကလေးငယ်သည် အိမ်၏ အနောက်ဘက်လမ်းတွင် ဆောက်လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ဝန်ချီစက်များ၊ ကရိန်းများကို တစ်နေကုန် တစ်နေခန်း ထမင်းမေ့ဟင်းမေ့ ငေးမောနေခြင်းပင်။ နောက်ဆယ်စုနှစ်ပေါင်း ငါးခုခန့်ကြာသောအခါ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မောင်ထော်လေးလမ်း ဝရံတာလေးမှ ထိုကလေးငယ်သည် အာကာသရှိ ဂြိုဟ်များပေါ်သို့ လွှတ်တင်သည့် ဂြိုလ်တုများတွင် ပါဝင်သော သံလိုက်စက်ကွင်း တိုင်းတာသည့် လေဆာရောင်ခြည်စက်အား တပ်ဆင်ရာတွင် မပါမဖြစ်သည့် သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာသည်ဟု ဆိုပါလျှင် …။
“ဆရာငယ်ငယ်က အဲ့ဒီလို ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စက်မှုပိုင်းဆိုင်ရာ လုပ်ငန်းတွေ တွေ့ရင် သိချင်စိတ်၊ စူးစမ်းချင်စိတ်နဲ့ တမေ့တမြော ငေးနေတတ်တယ်လို့ အမေတို့က အမြဲပြောပြောပြတယ်” ဟု အမေရိကန်နိုင်ငံ အမျိုးသားအာကာသနှင့် သိပ္ပံအေဂျင်စီ (NASA)၊ Glenn Research Center မှ Senior Scientist မြန်မာလူမျိုး ဒေါက်တာပဒေသာတင်က ဆိုသည်။ ဒေါက်တာပဒေသာတင်ကို ရန်ကုန်မြို့ မောင်ထော်လေးလမ်းတွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာ မြန်မာလွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းမှ အရေးပါသော အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့သူ သခင်ဝတင် ဖြစ်သည်။ ဒေါက်တာပဒေသာတို့ မောင်နှမ ငါးယောက်သည် ငယ်စဉ်ကာလကတည်းက ဖြောင့်မတ်သော နိုင်ငံရေးသမားတစ်ဦး အဖြစ် နာမည်ကျော်ခဲ့သည့် ဖခင်ဖြစ်သူ သခင်ဝတင်၏ အဆုံးအမများအောက်တွင် ကြီးပြင်းလာခဲ့ရ၏။
“၁၉၇၂ မှာ ဆရာ ဆယ်တန်းအောင်တယ်။ ဂုဏ်ထူးတွေပါတယ်။ အမှတ်ကောင်းတယ်။ အမေကတော့ ဆရာဝန်လိုင်း လျှောက်ခိုင်းတယ်။ ဆရာက ဆရာဝါသနာ ပါတဲ့ ရူပဗေဒဘာသာရပ် တစ်ခုပဲ လျှောက်လိုက်တယ်” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။ ဆရာဝန်ဖြစ်စေချင်သည့် မိခင်ဖြစ်သူနှင့် ရူပဗေဒကို စိတ်ဝင်စားသည့် ဒေါက်တာပဒေသာတင် အလောင်းအလျာတို့ အကြား ပြဿနာအချေအတင် အနည်းငယ် ရှိခဲ့သော်လည်း ဖခင်ဖြစ်သူက လွတ်လပ်စွာရွေးချယ်ခွင့် ပေးလိုက်သောကြောင့် အဆင်ပြေသွားခဲ့ရသည်။ ဒေါက်တာပဒေသာတင်သည် ရန်ကုန်တက္ကသိုလ်တွင် ရူပဗေဒဖြင့် M.Sc ဘွဲ့ရသည့်အထိ ပညာသင်ကြား ခဲ့ပြီးနောက် ယင်းတက္ကသိုလ်တွင်ပင် သရုပ်ပြရာထူးဖြင့် ဆရာဝင်လုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ငါးနှစ်ခန့် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၈၄ နှစ်တွင် ပါမောက္ခဒေါက်တာ ဒေါ်ဝင်းဝင်းသန်းနှင့် အိမ်ထောင်ပြုခဲ့သည်။ အိမ်ထောင်ပြုပြီး တစ်ပတ်ခန့် အကြာတွင်ပင် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ Western Illinnois University သို့ စကောလားရှစ်ဖြင့် ပညာသင်ကြားရန် ထွက်ခွာခဲ့သည်။
“နိုင်ငံခြားမှာ ကျောင်းတက်တယ် ဆိုတော့ ဆရာတို့ မိဘတွေက သာမန်ချို့ချို့တဲ့တဲ့ နိုင်ငံရေးသမားတွေပဲ။ သားသမီးအတွက် ဘာဒေါ်လာမှ ပေးလိုက်နိုင်တာ မဟုတ်ဘူး။ ဟိုမှာရတဲ့ စကောလားရှစ်နဲ့ ချို့ချို့တဲ့တဲ့ ကျောင်းတက်ခဲ့ရတာ။ ကိုယ်သွားချင်တဲ့နေရာ ရောက်ဖို့ မိဘကပေးတဲ့ ပညာအမွေကို အခြေပြုပြီး ကိုယ့်ဘာသာ ကြိုးစားခဲ့ရတာ” ဟု ဒေါက်တာ ပဒေသာတင်က ပြောပြသည်။ အမေရိကန်ပြည်ထောင်စု၏ တက္ကသိုလ်ပညာရေးတွင် ကျောင်းသားများအား ပါမောက္ခများ၏ သုတေသန လုပ်ငန်းများတွင် ဝင်ရောက်လုပ်အားပေးခြင်းဖြင့် ဝင်ငွေရရှိစေရန် ဖန်တီးပေးထားသည့်အတွက် အဆိုပါ ဝင်ငွေဖြင့် ရပ်တည်နိုင်ခဲ့ကြောင်း ဒေါက်တာပဒေသာတင် ထံက သိရသည်။
Western Illinnois University မှ MS ဘွဲ့ ရရှိပြီးနောက် Missouri ပြည်နယ်ရှိ University of Missouri, Rolla တွင် လေဆာရောင်ခြည်ဆိုင်ရာ အထူးပြု ရူပဗေဒပညာရပ်ဖြင့် Ph.D ဘွဲ့ ရရှိရန် ပညာ ဆက်လက်ဆည်းပူးခဲ့သည်။
“အဲဒီအချိန်ကျ အမျိုးသမီးကလည်း ရောက်လာပြီ။ ကလေးကလည်း မွေးထားပြီးပြီ။ လင်မယား နှစ်ယောက်ရဲ့ ကျောင်းသားလစာ ဒေါ်လာ ၄၀၀ လောက် နဲ့ ရပ်တည်ရတယ်။ အိမ်လခက ၁၅၀၊ ကျောင်းလခ၊ စာအုပ်ဖိုးတွေ၊ ကလေးစရိတ်တွေ နုတ်လိုက်ရင် တော်တော့်ကို ခက်ခက်ခဲခဲ ရပ်တည်ပြီး ပညာသင်ခဲ့ရတာ” ဟု ဒေါက်တာပဒေသာတင်က အမေရိက ပညာသင်တစ်ယောက်၏ အခက်အခဲများကို ပြောပြသည်။
ဇနီးမောင်နှံနှစ်ဦးစလုံး ပညာသင်ကျောင်းသားများ ဖြစ်သည့်အတွက် ဝင်ငွေမလုံလောက်သဖြင့် ဒေါက်တာ ပဒေသာတင်၏ ဇနီးဖြစ်သူမှာ ကျောင်းအား လပ်ချိန်တွင် ကလေးစရိတ်အတွက် စားသောက်ဆိုင်များတွင် အချိန်ပိုင်းအလုပ် လုပ်ခဲ့ရသည်။
“လကုန်ခါနီးဆို ဈေးဖိုးတောင် မရှိတော့လို့ လင်မယားနှစ်ယောက် ရှိသမျှ အကြွေလေးတွေ ထုတ်ပြီး တွက်ရချက်ရနဲ့ စိတ်ညစ်ရတာ အကြိမ်ကြိမ်ပါပဲ” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးသည့်နောက် ဒေါက်တာပဒေသာတင် Ph.D ဘွဲ့ကို ရရှိခဲ့၏။
အမေရိကန်ပြည်ထောင်စုတွင် Ph.D ဘွဲ့ရ ပညာရှင်များအတွက် လုပ်ငန်းခွင်တွင်း ဝင်ရောက်မည်လား၊ တက္ကသိုလ်များတွင်ပင် သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ လုပ်ကိုင်ရင်း ဆက်လက် ပညာဆည်းပူးမည်လားဟု ရွေးချယ်ရန် နှစ်လမ်းရှိသည်။ ဒေါက်တာ ပဒေသာတင်သည် အမေရိကန် အမျိုးသားသုတေသန ကောင်စီက ပေးအပ်သော ဘွဲ့လွန် ပါရဂူတန်းဝင်ခွင့်ကို ရရှိခဲ့ပြီးနောက် တက္ကသိုလ်တစ်ခုပြီးတစ်ခုတွင် သုတေသနလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ထို့နောက် အနည်းဆုံးပမာဏ ရှိသော သံလိုက် စက်ကွင်းများကို တိုင်းတာရာတွင် အသုံးပြုသည့် လေဆာရောင်ခြည်အား အသုံးပြုသည့်စက်ကို ထိန်းညှိသည့် နည်းပညာကို ဒေါက်တာပဒေသာတင်မှ စတင် အသုံးပြုနိုင်ခဲ့သည်။
“ရှိပြီးသားဖြစ်တဲ့ လေဆာရောင်ခြည်ကို ကိုယ်လိုချင်တဲ့ အတိုင်းအတာဖြစ်အောင် Tuning အနေနဲ့ ညှိပေးတဲ့ နည်းပညာပေါ့။ တူရိယာတွေကို ကြိုးညှိပေးသလိုမျိုး ပါပဲ” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။
အဆိုပါကိရိယာအား လုပ်ဆောင်ရာတွင် အသေးစိတ် စက်ပစ္စည်းများကအစ ကိုယ့်ဘာသာ တီထွင်ဖန်တီး ယူခဲ့ရကြောင်း ဒေါက်တာ ပဒေသာတင်ထံမှ သိရသည်။
“အဲဒီစက်ပစ္စည်းဆိုတာ အပြင်မှာ ဝယ်လို့မရဘူး။ ဒီတော့ ဆရာကိုယ်တိုင် လွှတိုက်ရတယ်၊ ဂဟေဆော်ရတယ်၊ အသေးစိတ် အကုန်လုပ်ရတယ်” ဟု ဒေါက်တာပဒေသာတင်က ဆိုသည်။ ဒေါက်တာပဒေသာတင် မြန်မာနိုင်ငံသို့ ပြန်ရောက် ရှိသည့်အခါ တက္ကသိုလ်များမှ ရူပဗေဒကျောင်းသား အများစုမှ လွှတိုက်ခြင်း၊ ဂဟေဆော်ခြင်းများ ကိုပင် မလုပ်ဆောင်တတ်ကြသည်ကို တွေ့ရှိရသဖြင့် စိတ်မကောင်း ဖြစ်မိသည်ဟု ဆိုသည်။
“တို့နိုင်ငံက ကလေးတွေဟာ လက်တွေ့လုပ်ဖို့ အခွင့်အရေး မရကြရှာတာပါ။ အမေရိကန်က ကလေးတွေကျ လုပ်ခွင့်ရခဲ့တဲ့အတွက် လုပ်နိုင်ကြတယ်။ တို့နှစ်နိုင်ငံက ပညာရေးမှာ ဒါပဲကွာတာ” ဟု ဆရာကြီး ဒေါက်တာပဒေသာတင်က ပြောပြသည်။
Ph.D ဘွဲ့ရရှိပြီးနောက် အမေရိကန်ရှိ သုတေသနပညာရှင် ဒေါက်တာပဒေသာတင်အား သုတေသန ဌာနများက အပြိုင်အဆိုင် ခေါ်ယူခဲ့ကြသည်။ ထို့နောက် အမေရိကန်ပြည်ထောင်စု၊ မိုးလေဝသနှင့် ဇလဗေဒ သုတေသနအေဂျင်စီတွင် ဒေါက်တာပဒေသာတင် စတင်အလုပ်ဝင်ခဲ့၏။ ထိုလုပ်ငန်းသည် ဒေါက်တာ ပဒေသာတင်အတွက် ကျောင်းသားဘဝပြီးနောက် ပထမဆုံးလုပ်ခဲ့သည့် ပရော်ဖက်ရှင်နယ် လုပ်ငန်းဖြစ်သည်။
“အဲဒီမှာကျ အိုဇုန်းလွှာပါးလွှာမှုကို တိုင်းတာတဲ့ သုတေသနလုပ်ရတယ်။ ကင်းထောက်လေယာဉ် ယူတူးတွေနဲ့ လုပ်ရတာ။ ကမ္ဘာပေါ်က သုတေသနဌာနပေါင်း (၂၀)လောက်က ပညာရှင်တွေ နဲ့အတူ ပူးပေါင်းသုတေသန လုပ်ခဲ့ကြရတာ” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။ ထိုလုပ်ငန်းတွင် သုံးနှစ်ခန့်ကြာပြီးနောက် အတူ ပူးတွဲလုပ်ဆောင်ခဲ့ကြသည့် နာဆာမှ သိပ္ပံပညာရှင်များက ဒေါက်တာပဒေသာတင်အား နာဆာတွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် အသုံးပြုသည့် လေဆာနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ လာရောက် လုပ်ကိုင်ပေးရန် ဖိတ်ခေါ်ခဲ့သည်။
“အဲဒီတုန်းက အာကာသထဲရယ်၊ အင်္ဂါဂြိုဟ်၊ ကြာသပတေးဂြိုဟ်တွေကို အမေရိကန်က ဂြိုလ်တုတွေ လွှတ်နေတာပေါ့။ ဂြိုဟ်တုတွေ ဘေးပတ်လည်မှာ သက်ရောက်နေတဲ့ သံလိုက်စက်ကွင်း ပမာဏ နည်းနည်းလေးကို တိုင်းလို့ရတဲ့ လေဆာက ဆရာလုပ်ထားတဲ့ စက်နဲ့ဆို ပမာဏပိုပြီး တိတိကျကျအသေးစိတ် တိုင်းတာ တွက်ပြလို့ ရခဲ့တယ်ပေါ့” ဟု ဒေါက်တာ ပဒေသာတင်က ဆိုသည်။
အာကာသဆိုင်ရာ ပညာရပ်များတွင် ရှေ့တန်း ရောက်လွန်းသည့် အမေရိကန်တို့၏ သုတေသနလုပ်ငန်း များတွင် မြန်မာလူမျိုး ပညာရှင်တစ်ယောက်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိနေ၏။ တစ်ချိန်က ရန်ကုန်မြို့တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ငေးမောစူးစမ်းနေခဲ့သော ကလေးငယ် တစ်ဦးသည် အမေရိကန်ပြည်ထောင်စု၏ အားကိုးရသော အထင်ကရ သိပ္ပံပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ ထိုသိပ္ပံပညာရှင်သည် မြန်မာနိုင်ငံ၊ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ယူသွားခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
“မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ စာသင်ရတာ ဘာကွာသလဲဆိုတော့ ဥပမာ – နယူတန်ရဲ့ နိယာမကို နှစ်နိုင်ငံလုံး ဒီစာအတိုင်း သင်သွားရတာပါပဲ။ ဒါပေမဲ့ သင်ပုံသင်နည်း ကွာပါတယ်။ မြန်မာနိုင်ငံမှာက နိယာမ တစ်ခုကို အလွတ်ကျက်ပြီး နှုတ်တိုက်ရွတ်နိုင်အောင် သင်ပေးတယ်။ ဟိုမှာက သင်ထောက်ကူ လက်တွေ့ပစ္စည်းတွေနဲ့ ကျောင်းသားကိုယ်တိုင် စိတ်ဝင်စားပြီး လက်တွေ့နားလည်အောင် သင်ပေးတယ် … ဒါပါပဲ” ဟု ဒေါက်တာ ပဒေသာတင်ကဆိုသည်။
ယခုအခါ ဒေါက်တာပဒေသာတင်သည် မြန်မာနိုင်ငံသို့ တစ်နှစ်တစ်ခေါက်ခန့် ပြန်လာပြီး မြန်မာနိုင်ငံ အနှံ့ရှိ တက္ကသိုလ်များတွင် ရူပဗေဒဘာသာရပ်ဆိုင်ရာ သင်တန်းများကို ပို့ချပေးခဲ့သည်။ မြန်မာတို့ကား လူညံ့များမဟုတ်။ အငြင်းအခုံ၊ ပဋိပက္ခ၊ အကွဲအပြဲ ၊ အရှုပ်အထွေး၊ အတိုက်အခိုက်များကြားရှိ မြန်မာ့ပညာရေးစနစ် နိမ့်ကျခဲ့မှုကြောင့်သာ ကမ္ဘာ့အဆင့် လူတော်များစွာကို ဆုံးရှုံး လက်လွှတ်ခဲ့ရခြင်းပင်။
“အဓိက လူငယ်တွေကို သိစေချင်တာ ကိုယ်ဝါသနာပါပြီး ကိုယ်သိချင်တဲ့ ဘာသာရပ်ကို တစိုက်မတ်မတ် ကြိုးစားလေ့လာပါ။ ပြီးတော့ တိုးတက်နိုင်မယ့် နည်းလမ်းကို ကိုယ့်ဘာသာကြိုးစားရှာပြီး ရအောင် ရပ်တည်နိုင်ရမယ်ဆိုတဲ့ စိတ်မွေးပါ” ဟု အနာဂတ်မြန်မာတွင် ဒေါက်တာ ပဒေသာတင်များစွာ ပေါ်ထွက်လာရေး အတွက် ဆရာကြီး ဒေါက်တာပဒေသာတင်က ဆုံးမသည်။
ခက်ဇော်(The Voice)
No comments: