Header Ads

စာပေသမိုင်းထဲက ကြယ်တစ်ပွင့် (သို့) လှိုင်ထိပ်ခေါင်တင်

မြန်မာစာပေတွင် ဘောလယ်ဟူသော ကဗျာအမျိုးအစားကိုတွေ့ရတိုင်း တွဲမြင်ရသူမှာ လှိုင်ထိပ်ခေါင်တင်မင်းသမီးဖြစ်သည်။ ဘောလယ်အမျိုးအစားကဗျာကို ကုန်းဘောင်ခေတ် ဒုတိယပိုင်းတွင် လှိုင်ထိပ်ခေါင်တင်က စတင်တီထွင်စပ်ဆိုခဲ့သည် ဟု ဆိုကြသည်။ လှိုင်ထိပ်ခေါင်တင်သည် သာယာဝတီမင်း(ရွှေဘိုမင်း) နှင့် စာဆိုတော် အနောက်နန်းမိဖုရား မမြလေးတို့မှ ဖွားမြင်သူဖြစ်သည်။ ငယ်မည်မှာ မဖွားကြီး ဖြစ်သည်။
သက္ကရာဇ် ၁၁၉၉ခုနှစ် ရွှေဘိုမင်းအထွတ်အထိပ်သို့ရောက်သည့်အခါ မမြလေးအား ဟင်္သာတမြို့ကို အပိုင်စားပေးပြီး သမီးတော်ထိပ်ခေါင်တင်အားလည်း သီရိမြတ်စွာ ရတနာဒေဝီဘွဲ့ နှင့် လှိုင်မြို့နယ်ကို အပိုင်စားပေးသည့်အတွက် လှိုင်မင်းသမီး (သို့) လှိုင်ထိပ်ခေါင်တင်ဟု ကျော်ကြားခဲ့သည်။ ပြည်မင်းသားပုန်ကန်မှု တွင် ပါဝင်ပတ်သတ်သည်ဟု ဆိုကာ မမြလေး ကွပ်မျက်ခံခဲ့ရသည်။ ထိုစဉ်က လှိုင်ထိပ်ခေါင်တင်မှာ ၁၂ နှစ်သာ ရှိသေးသည်။ မင်းတုန်းမင်း မိဖုရားခေါင်ကြီးဖြစ်လာမည့် စကြာဒေဝီက သနားသဖြင့် ခေါ်ယူမွေးစားထားခဲ့သည်။ လှိုင်ထိပ်ခေါင်တင်မှာ မိခင်မမြလေးကဲ့သို့ ပင် ရုပ်ဆင်းရူပကာ အလွန်ချောမောသည်။ မင်းတုန်းမင်း နှင့် မိဖုရားကြီးတို့ကလည်း သမီးတော်အရင်းပမာ ချစ်မြတ်နိုးကြသည်။ မင်းတုန်းမင်း နန်းတက်တော်မူပြီး ၁နှစ်အကြာ ၁၂၁၅ ခုနှစ်တွင် လှိုင်မင်းသမီးအား အိမ်ရှေ့စံကနောင်မင်းသားနှင့် လက်ဆက်စေခဲ့သည်။ နောင်တွင် မိဖုရားကြီးဖြစ်လာစေရန် ရည်ရွယ်ခဲ့ဟန်တူသည်။ ထိုစဉ်က လှိုင်ထိပ်ခေါင်တင်၏အသက်မှာ ၂၀ သာ ရှိသေးသည်။
လှိုင်ထိပ်ခေါင်တင်မှာ မိခင်ထံမှ ရုပ်ရည်သာမက အနုပညာဗီဇကိုပါ ဆက်ခံခဲ့သည့်အပြင် သူမအားထိန်းသိမ်းစောင့်ရှောက်ခဲ့သူ စကြာဒေဝီမှာလည်း လောက ဓမ္မအကြောင်းတို့အား အထူးကျွမ်းကျင်သူဖြစ်သဖြင့် သူမအား စာပေအရာတွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာစေခဲ့သည်။ လှိုင်ထိပ်ခေါင်တင်မှာ ကနောင်မင်းသားကြီး၏ မိဖုရားဖြစ်လာခဲ့သော်လည်း သူတို့အိမ်ထောင်ရေးမှာ သိပ်အဆင်မပြေခဲ့ပါပေ။ ကနောင်မင်းသားကြီးမှာ အိမ်ရှေ့စံဖြစ်သော်လည်း ဘုရင့်ထက်ပင် ပိုအလုပ်များသူဖြစ်သည့်အပြင် လှိုင်ထိပ်ခေါင်တင် မရှိခင်ကတည်းက အခြားမောင်းမများရှိပြီးဖြစ်သည့်အတွက် လှိုင်ထိပ်ခေါင်တင်ကို သိပ်ပြီးအရေးတယူမရှိခဲ့။ ဒါကြောင့်လည်း လှိုင်ထိပ်ခေါင်တင်ဟာ သူမရဲ့တစ်ကိုယ်တည်းအချိန်များကို ဘောလယ် ၊ ပတ်ပျိုး ၊ တေးထပ် ၊ လေးဆစ် ၊ ကဗျာများတွင် အသုံးပြုခဲ့သည်။ သူမ၏ ခံစားချက်များကို သူမရေးဖွဲ့ခဲ့သော ကဗျာများတွင် အထင်းသားတွေ့နိုင်သည်။ ယခုခေတ်တိုင် ကြားနေရဆဲ ဖြစ်သော “စိန်ခြူးကြာညောင် ၊လရောင်လင်းပါလို့ ၊ မှန်ရွှေပြတင်းရယ်က မယ်ခုမျှော်” ဟူသောသီချင်းတွင် သူမ၏စိတ်ခံစားချက်ကို ဖွင့်ပြထားခဲ့သည်။ လှိုင်ထိပ်ခေါင်တင်သည် ကဗျာသီချင်းများကိုယ် တူရိယာနှင့် ကိုယ်တိုင်တီးဆို နိုင်သည့်အပြင် ဇာတ်တော်ကြီးများကိုလည်း ရေးဖွဲ့ခဲ့သေးသည်။ ထန်းတစ်ပင်မင်းသား ကို မွေးဖွားတော့မှ အတော်အတန်စိတ်ဖြေရာ ရသွားခဲ့သည်။
အဲဒီနောက်ပိုင်းတော့ သူမရဲ့ကဗျာ စာများကြောင့် ကနောင်မင်းသားသည် သူမထံစိတ်ပြန်လည်လာခဲ့သည်။ အဆင်ပြေမည်အကြံသေး-
၁၂၂၈ ခုနှစ် နေ့တစ်နေ့တွင် အိမ်တော်မှ မင်းတုန်းမင်းဆီသွားရန်ပြင်နေသော ကနောင်မင်းသာကို လှိုင်ထိပ်ခေါင်တင် က မသွားရန် အတင်းတားခဲ့သည်။ ကနောင်မင်းသား ခေါင်းပေါင်းတော်ပြုတ်ကျသည့်အပြင် အရိပ်လည်းမမြင်ရဟု အိပ်မက်မက်သောကြောင့်ဖြစ်သည်။ နိမိတ်ကို မယုံသည့် ကနောင်မင်းသားကြီးက အတင်းထွက်သွားသည့်အခါ တိုက်ဆိုင်လှစွာပင် မြင်ကွင်း မြင်းခုန်တိုင်၏ လုပ်ကြံမှုကို ခံခဲ့ရတော့သည်။ ကနောင်မင်းသားကျဆုံးမှုနှင့်အတူ စက်မှုနိုင်ငံဖြစ်ရန်အလားအလာကောင်းနေသည့် နိုင်ငံတိုးတက်မှုမှာလည်း တစ်ခန်းရပ်သွားတော့သည်။ သူမအတန်တန်တားလျက်နဲ့ ထွက်သွားခဲ့သော ကနောင်မင်းသားဖြစ်ရပ်အတွက် သူမဘယ်လောက် ယူကြုံးမရဖြစ်ခဲ့မည်ကို ခန့်မှန်းမိကြပါလိမ့်မည်။ ကနောင်မင်းသားလုပ်ကြံခံရပြီး နှစ်ရက်အကြာမှာ အပျိုတော်ခင်ဆိုင်ကြီးနဲ့အတူ အလောင်းရှိရာကို သွားကြည့်ခဲ့သည်။ အနုပညာရှင်ဖြစ်သည့်အတိုင်း ဝမ်းနည်းနေသည့်အကြောင်းကို ကဗျာရွတ်သည။ ခင်ဆိုင်က လိုက်ရေးသည်။
ကဗျာမှာ-
‘အပုပ်တော် ကိုယ်တော်ကျပြီမို့
ရုပ်အိမ်တော်ညိုကာ ကြွသော်လည်း
ငိုသော်မှ မယ်မငို။
မကြံတတ်လေဘု
စရပ်မှာ ဧည့်သည်ဆုံးသည်သို့
ဖုန်းပြုသကို။
ထီးဖြူတော် ရှစ်ကျက်ကျင်းပါလို့
ကျောက်နီတင် ရွှေတညင်းရယ်နဲ့
အမယ်မင်း သခင့်ကိုယ်
ရွှေဖိုနှင့် တင်ချင်သား။
ကြောင်းမခိုင်
မပေါင်းပိုင်အခြေစိုက်တာကြောင့်
နှစ်လောင်းပြိုင်
သောကာလိုက်ချင်ပေါ့
သောင်းထိုက်ညာဖွား။’
ဟူ၍ဖြစ်သည်။
ကနောင်မင်းသားကြီးမရှိတော့သည့်အချိန်မှ စ၍ လှိုင်ထိပ်ခေါင်တင်မှာ ကောင်းစွာမကျန်းမာတော့ပဲ ဆေးကုရင်းနဲ့သာ သနားစဖွယ်အချိန်ကုန်ခဲ့ရသည်။ သက်တော် ၄၂နှစ်အရွယ်တွင်ကွယ်လွန်ခဲ့သည်။ သူမသည် အခြားမင်းသား မင်းသမီးများလို နန်းတွင်းအရေးများတွင် ဝင်ရောက်မပတ်သတ်ခဲ့။ သို့သော်သူမနှင့် အရင်းနှီးဆုံးသူများမှာ နန်းတွင်းရေးအရှုပ်အထွေးများကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ကတော့ ကြေကွဲဖွယ်ရာဖြစ်သည်။ စာဆိုတော် လှိုင်ထိပ်ခေါင်တင် ဟူသော နာမည်ကတော့ ယနေ့ထိတိုင်အောင် စာပေသမိုင်းထဲတွင် ထင်ရှားနေဆဲဖြစ်တော့သည်။
ကိုးကား
ရာဇဝင်ထဲက မိန်းမသား – ဒေါက်တာမတင်ဝင်း
မြန်မာ့စွယ်စုံကျမ်း

No comments:

Powered by Blogger.