Header Ads

ကနောင်မင်းသားကြီးရဲ့ ရှားရှားပါးပါး အမေးအဖြေ

သမိုင်းထဲက လူသေသွားပေမယ့် နာမည်ကျန်နေရစ်ခဲ့တဲ့ သူရဲကောင်းတွေထဲမှာ ကနောင်မင်းသားကြီးလည်း တစ်ယောက်အပါအဝင်ပါ။ တိုင်းပြည်တိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အသက်မရှည်ရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ တူတော်တွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ကနောင်ကိုယ်တော်ကြီးဟာ ဉာဏ်ပညာအလွန်ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။
နိုင်ငံကို စက်မှုနိုင်ငံဖြစ်စေဖို့ သူကြိုးစားခဲ့တဲ့ ပညာတော်သင် အစီအစဉ်တွေ ၊ တီထွင်မှုတွေ နဲ့ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေကိုကြည့်တာနဲ့ ဘယ်လောက်တော်ခဲ့ကြောင်း သိနိုင်ပါတယ်။ တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ကနောင်ကိုယ်တော်ကြီးဟာ အချိန်ရှိသ၍ နည်းလမ်းတွေကို စဉ်းစားနေတတ်သလို ဗဟုသုတတွေကို အမြဲရှာမှီးနေသူပါ။
အခု အမေးအဖြေကတော့ ကနောင်မင်းသားကြီးက သူသိလိုသမျှတွေကို အင်္ဂလိပ်သံအမတ် အာသာဖယ်ရာကို မေးမြန်းခဲ့တာပဲဖြစ်ပါတယ်။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ဖယ်ရာခေါင်းဆောင်တဲ့ ချစ်ကြည်ရေး သံအဖွဲ့ဟာ ၁၈၅၅ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့မှာ ကနောင်မင်းသားကြီးနဲ့ တွေ့ကြပါတယ်။ လွှတ်တော်နားက သီးသန့်ကွန်းထောက်ဆောင်ရဲ့ ဝါးကြမ်းခင်းပေါ်မှာ ကော်ဇောခင်းထားပါတယ်။ သလွန်ပေါ်မှာ အင်္ဂလိပ်တွေထိုင်သလို ခြေနှစ်ဖက်ချထိုင်ထားတဲ့ ကနောင်မင်းသားကြီးဟာ ရယ်ရယ်မောမော ရင်းရင်းနှီးနှီးနဲ့ ဖယ်ရာကို သူသိချင်တာတွေ တစ်ဆက်တည်း မေးပါတော့တယ်။
ကနောင် – သေနတ်ကျည်ဆန်မှာ သုံးတဲ့ယမ်းကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ – အင်္ဂလန် (သို့) ဂျာမဏီနိုင်ငံက စတင်တီထွင်ခဲ့တယ် ဆိုတာ ကျွန်တေ်ာမသိပါဘူး ။ ကျွန်တော်တို့ရဲ့ စာအုပ်စာတမ်းတွေအရတော့ တရုတ်
ပြည်မှာ ရှေးခေတ်ကတည်းက ရှိတယ်လို့ သိရပါတယ်။
အင်တာဗျူးစကားဝိုင်းထဲက အနီးမှားထိုင်နေတဲ့ ဝန်ထောက်က ဝင်ပြောပါတယ်။
ဝန်ထောက် – သံအမတ်ကြီးက ဘယ်နိုင်ငံက သေနတ်ခဲယမ်းကို စလုပ်တာ မသိဘူးဆိုတာ အင်္ဂလန်နိုင်ငံကပဲ စတင်တီထွင်ခဲ့သယောင် ယူဆစေချင်လို့ မဟုတ်လား။
ဖယ်ရာ- ဒီလိုမဟုတ်ရပါ။ သေနတ်ခဲယမ်းတွေကို စတင်ပေါ်ပေါက်ခဲ့တာနဲ့ သံသယဖြစ်စရာရှိလို့ အတိအကျမပြောတာပါ
ဝန်ထောက် – ဒါဆိုရင် ပထမဆုံးသေနတ်လက်နက်ကို ဘယ်အရပ်ဒေသမှာ တီထွင်ပေါ်ပေါက်ခဲ့ပါသလဲ။
ဖယ်ရာ – ကျွနု်ပ်သေချာမပြောနိုင်ပါ။ ဒါပေမယ့် ပထမဆုံး အမြှောက်ကို အင်္ဂလိပ်လူမျိုးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ငါးရာလောက်က စတင်အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေရှိပါတယ်။
ကနောင် – မြန်မာဘုရင်မင်းမြတ်ပိုင် နယ်မြေထဲမှာ မြစိမ်းရောင်ဖြစ်ပေါ်စေတဲ့ တောင်တန်းကြီးတွေ အကြောင်း ကြားပြီးပြီလား။
ဖယ်ရာ – ကြားပြီးပါပြီ အိမ်ရှေ့မင်း ။ ဒါပေမယ့် ကိုယ်တိုင်မမြင်ဖူးသေးပါ။
ကနောင် – အခိုးအငွေ့တွေထွက်ပြီး လူတွေမောဟိုက် မူးမေ့သွားစေတတ်တဲ့ ရေတွင်းကို မြင်ဖူးသလား။
ဖယ်ရာ – မမြင်ဖူးသေးပါ။
ကနောင် – ကိုယ်တော်တို့နိုင်ငံမှာ အလွန်ထူးဆန်းတဲ့ သစ်ပင်တွေရှိတယ်။ ဒီသစ်ပင်ရဲ့ခွကြားမှာ အစဉ်မပြတ် ရေတသွင်သွင်စီးထွက်နေတယ်။
ဖယ်ရာ – (ဝန်ထောက်ဘက်ကို လှည့်မေးလိုက်တယ်) ဘယ်လိုသစ်ပင်အမျိုးအစားပါလဲ
ဝန်ထောက် – ဒီသစ်ပင်မျိုး နှစ်ပင်ရှိတယ်။ တစ်ပင်က ဝါဂွမ်းပင်ကြီး(Large Cotton tree) ပါ။
ကနောင် – သံအမတ်ကြီးတို့ တိုင်းပြည်မှာရော အဲလိုသစ်ပင်မျိုး ရှိသလား။
ဖယ်ရာ – မရှိပါ။ ကြားလဲမကြားဖူးပါ။ ဒါပေမယ့် အင်္ဂလိပ်မင်း ပိုက်နက်နယ်မြေတွေမှာ ထူးဆန်းအံသြဖွယ်ရာတွေ အများအပြားရှိပါတယ်။
ကနောင် – မီးသင်္ဘောတွေကို ဘယ်နိုင်ငံက စတင်တီထွင်ခဲ့ပါသလဲ။
ဖယ်ရာ – အမေရိကန် နိုင်ငံက ဖြစ်ပါတယ် အိမ်ရှေ့မင်း ၊ ရေနွေးငွေ့အားနဲ့ မောင်းနှင်တဲ့ အင်ဂျင်စက်ကို အင်္ဂလန်မှာ စတင်တီထွင်ခဲ့ပါတယ်။ ဒီအင်ဂျင်စက်ကို အမေရိကန်တွေက သင်္ဘောတွေမှာ တပ်ဆင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ကနောင် – အင်္ဂလန်က အလွန်အေးမြတဲ့ နိုင်ငံတစ်ခု မဟုတ်လား။
ဖယ်ရာ – မှန်ပါ အိမ်ရှေ့ကိုယ်တော်ကြီး ၊ အင်္ဂလန်ရာသီဥတုက အလွန်အေးမြပြီး ဆောင်းဥတုမှာ ရေခဲတတ်ပါတယ်။
ကနောင် – ဒီနေရာမှာ အင်္ဂလန်က တရုတ်ပြည်နဲ့ တူနေတယ်။ ပီကင်းမြို့တော်ကို သွားတဲ့ ကျွနု်ပ်သံအဖွဲ့ရဲ့ အဆိုအရ တရုတ်ပြည်ရာသီဥတုရဲ့အေးမြပုံက အလွန်ပဲကြောက်စရာကောင်းတယ်တဲ့ ။ အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံတွေရော ရှိသလား။
ဖယ်ရာ – အင်္ဂလန်ထက် ပိုအေးတဲ့နိုင်ငံ အများအပြား ရှိပါတယ်။
ကနောင် – အဲဒီနိုင်ငံတချို့ရဲ့ အမည်တွေကို ပြောပြပါလား။
ဖယ်ရာ – အင်္ဂလန်မြောက်ပိုင်း အိုက်စလန်နိုင်ငံနဲ့ အမေရိကန် မြောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်က အင်္ဂလန်ထက် ပိုအေးပါတယ်။
ကနောင် – ရုရှပြည်ရဲ့ ရာသီဥတုကရော အေးလား။
ဖယ်ရာ – အလွန်တရာ အေးလှပါတယ်။
ကနောင် – တစ်ချိန်တုန်းက နပိုလီယံ ရုရှပြည်ကို ချဉ်းနင်းဝင်ရောက်တိုက်ခိုက်တာ ရာသီဥတုအေးလို့ တပ်ပျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။
ဖယ်ရာ – နပိုလီယံရဲ့ စစ်တပ်တစ်တပ်လုံးနီးနီး ရာသီဥတု အေးတဲ့ဒဏ်ကြောင့် သေကျေပျက်စီးခဲ့ကြပါတယ်။ နပိုလီယံကတော့ အသက်မသေပဲလွတ်မြောက်သွားတယ်။
ကနောင် – နပိုလီယံက ဘယ်နိုင်ငံသားလဲ။
ဖယ်ရာ – ခင်ကြီးဒေါင်ပေါက်လူ (Father Abona) တို့နိုင်ငံ(ပြင်သစ်) က ကော်ဆီကာကျွန်းမှာ မွေးတာ။
ဒီနေရာမှာ ဝန်ထောက်က နပိုလီယံ ကျွန်းကို နယ်နှင်ဒါဏ်ပေးခံရတဲ့အကြောင်းဝင်ပြောတယ်။ သူလည်း အတော် ဗဟုသုတပြည့်စုံသူပါ။
ကနောင် – အင်္ဂလန် နဲ့ အရင်းနှီးဆုံး နိုင်ငံက ဘယ်နိုင်ငံလဲ။
ဖယ်ရာ – ပြင်သစ်ပြည်ပါ။ မဟာမိတ်တွေဖြစ်ပြီး စစ်တိုက်ရင် အတူ တစ်ဖက်တည်းရပ်တည် တိုက်ခိုက်ကြပါတယ်။
ကနောင် – အင်္ဂလန်နဲ့ ပြင်သစ် ဘယ်လောက်ဝေးလဲ။
ဖယ်ရာ – မိုင် ၂၀ လောက်ပဲ ဝေးလို့ မီးသင်္ဘောနဲ့ သွားရင် တစ်နာရီကျော်ပဲ ကြာပါတယ်။
ကနောင် – ဒါဆိုရင် အတေ်ာနီးတာပဲ။ အင်္ဂလန်က ပြင်သစ်နိုင်ငံကို ကုန်းကြောင်းခရီးနဲ့ သွားလာမှု မရှိဘူးလား။
ဖယ်ရာ – မရှိပါ အရှင် ၊ အင်္ဂလန်ပြည်ဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းတစ်ကျွန်းပါ။
ကနောင် – ဘယ်နိုင်ငံက မီးသင်္ဘောပိုများလဲ။
ဖယ်ရာ – အင်္ဂလန်နိုင်ငံက မီးသင်္ဘောအရေအတွက် ပိုများပါတယ်။ ပြင်သစ်နိုင်ငံကတော့ အင်အားကြီးမားတဲ့ ကြည်းတပ်ရှိပါတယ်။
ဝန်ထောက်က အင်္ဂလန်ဘုရင်မကြီး ပြင်သစ်သွားမယ့် ကိစ္စဝင်ပြောရင်း ကြေးနန်းအကြောင်းရောက်သွားတယ်။
ကနောင် – လျှပ်စစ်ကြေးနန်းအတတ်ကို တီထွင်တွေ့ရှိခဲ့တာ ဘယ်လောက်ကြာသွားပြီလဲ။
ဖယ်ရာ- ၁၀ နှစ် လောက် ရှိသွားပါပြိ။
အဲဒီနောက် ကနောင်မင်းသားကြီး ပြန်ကြွသွားတဲ့အတွက် အမေးအဖြေလည်း ပြီးဆုံးသွားပါတော့တယ်။
Ref;
သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း – တင်နိုင်တိုး

No comments:

Powered by Blogger.