Header Ads

၁၉နှစ် သားနဲ့ အင်းဝကို တည်ထောင်နိုင်ခဲ့သူ

ပုဂံနေပြည်တော်အား မွန်ဂိုတပ်များ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ပုဂံသည် မင်းနေပြည်တော်အဖြစ်မှ လျှောကျကာ ပြိုကွဲသွားခဲ့ပါတယ်။ ပင်းယ ၊ စစ်ကိုင်း ၊ လောင်းကြက် ၊ ဟံသာဝတီ စတဲ့ နိုင်ငံငယ်လေးများ အဖြစ်အသီးအသီး မင်းမှုကြပါတယ်။ ပင်းယတွင် သတိုးမင်းဖျားနန်းတက်ခဲ့ပြီးနောက် မြို့အခြေအနေကို မနှစ်သက်ပဲ မြို့သစ်တည်ခဲ့ရာမှာ အင်းဝမြို့ဆိုပြီးဖြစ်လာပါတယ်။

သတိုးမင်းဖျားဟာ ပင်းယမြို့တည်တစ်စီးရှင်သီဟသူ ၏ မြစ်ဖြစ်ပြီး စိုးမင်းကိုယ်တော်ကြီး၏ သား ဖြစ်ပါတယ်။ စစ်ကိုင်းမှာနေစဉ် ဘထွေးတော်မင်းပြောက်က စစ်ကိုင်းကိုသိမ်းပိုက်ရန်ချီတက်လာသော သိုချီဘွား၏ တပ်များကို သတိုးမင်းဖျားဖြစ်လာမယ့် ရာဟုလာ ကို တကောင်းမှနေ၍ ခုခံတိုက်ခိုက်စေခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံခုခံသော်လည်း အင်းအားမမျှတာကြောင့်ဆုတ်ခွာခဲ့ရပါတယ်။ နိုင်အောင်မတိုက်နိုင်သလော ဟု မင်းပြောက်က အမျက်ထွက်ကာ ရာဟုလာအား ကြခတ်ဝရာသို့ သံခြေချင်းခတ်၍ ပို့လိုက်ပါတယ်။

နောက် သိုချီဘွားစစ်ကိုင်းကိုတိုက်သည့်အခါ မင်းပြောက်ကိုယ်တိုင် ကြခတ်ဝရာသို့ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက်တော့ သတိုးမင်းဖျားဟာ မင်းပြောက်ကို လုပ်ကြံခဲ့ပြီး စစ်ကိုင်းသို့သွားကာ မင်းပြုပါတယ်။ပင်းယ နရသူ မရှိတဲ့နောက် နန်းတက်လတဲ့ ဥဇနာပြောင်အား တိုက်ခိုက်နန်းချပြီး ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင် မင်းလုပ်နေခဲ့ပါတယ်။ ဥဇနာပြောင်ရဲ့ မိဖုရား စောဥမ္မာကို ဆက်လက် မိဖုရားမြှောက်ခဲ့ပါတယ်။ ထိုသို့ကိစ္စကြီးကြီးမားမားတွေကို ဆောင်ရွက်ခဲ့တဲ့အချိန်မှာ သတိုးမင်းဖျားအသက်ဟာ ၁၉ နှစ် သာ ရှိပါသေးတယ်။

သိုချီဘွားတိုက်ခိုက်ဖျက်စီးခဲ့တဲ့ စစ်ကိုင်း နဲ့ ပင်းယ နှစ်နေရာလုံးကို မြို့သစ်ပြန်မတည်တော့ပဲ သီဟသူ ၃ကြိမ်တိုင်တိုင်တည်ရန်ကြိုးစားခဲ့သော အင်းဝနေရာမှာ မြို့တည်ဖို့ကြိုးစားခဲ့ပါတယ်။ ပညာရှိအမတ်များရဲ့ အကြံပေးမှုနဲ့ သတိုးမင်းဖျားရဲ့ အစီအမံကောင်းမှုတို့ကြောင့် အင်းဝကို တစ်နှစ်အတွင်းပြီးအောင် တည်နိုင်ခဲ့ပါတယ်။

သို့သော် နန်းတော်တည်ဆောက်ချိန်တွင် စေ့စပ်သေသပ်ခြင်းမရှိတာကြောင့် “တရိန်းမစပ်” လို့ သတိုးမင်းဖျားက ရေရွတ်တာကြောင့် ပုဏ္ဏားပရောဟိတ် နှင့် ပညာရှိတို့က နန်းသက် ၃နှစ် သာ ခံမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ သတိုးမင်းဖျား စတင်နန်းတက်ချိန်မှာပဲ ငနွယ်ကုန်းစား(ယခု ပျဉ်းမနား) ၊ တောင်ငူစား နှင့် တောင်တွင်းကြီးစားတို့က အသီးသီးပုန်ကန်ကြပါတယ်။

သတိုးမင်းဖျား၏ ပိုင်နက်ရေလွှဲငါးခရိုင်ကို ငနွယ်ကုန်းစား ဘယကျော်သူက လာရောက်ထိပါးတာကြောင့် အပြင်းအထန်သွားရောက်နှိမ်နှင်းခဲ့ပါတယ်။ ဘယကျော်သူနဲ့ ကိုယ်တိုင်ဓါးခြင်းယှဉ်ခုတ်ပြီး သတ်ဖြတ်ပစ်လိုက်ပါတယ်။ သတ်ပြီးတဲ့အခါမှာ အလောင်းကိုစားပွဲလုပ်ကာ စားပွဲလုပ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အခြားသူမဆိုထားနဲ့ သူ၏မှူးမတ်များကိုယ်တိုင် ကြောက်ရွံ့ခဲ့ရပါတယ်။ အဲဒီနောက်တော့ သာသနာကို ညှိုးနွမ်းစေခဲ့တဲ့ ရှင်ပျက်တစ်ယောက်ကို ကွပ်မျက်ခဲ့ပါတယ်။ မုန့်သည်မ တစ်ယောက်၏ငွေကို လိမ်လည်လှည့်ဖျားခဲ့တာကြောင့် ဖြစ်ပါတယ်။ ထို့နောက် အစွမ်းထက်လှပါတယ်ဆိုတဲ့ ငတက်ပြားကို ပရိယာယ်နဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အေဒီ ၁၃၆၆ ခုနှစ်မှာတော့ တောင်တွင်းကြီးကို တိုက်ခိုက်ခဲ့ပါတယ်။ သို့သော်အလွယ်တကူမရခဲ့ပဲ ကြံကြံခိုင်နေတာကြောင့် သူရဲလွှတ်ပြီး တောင်တွင်းကြီးစားရဲ့ အားကိုးရသောအမတ်ကြီးကို သတ်သင်လိုက်တော့မှ တောင်တွင်းကြီးစားဟာ အရှုံးပေးခဲ့ပါတယ်။ တောင်တွင်းကြီးကို နိုင်ပြီးနောက် အေဒီ ၁၃၆၇ တွင် စကုမြို့ကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကိုဝန်းရံနေစဉ် သတိုးမင်းဖျား ကျောက်ရောဂါဖြစ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ဆုတ်ခွာရာလမ်းခရီးမှာပဲ သတိုးမင်းဖျား အနိစ္စရောက်ခဲ့ပါတယ်။ မကွယ်လွန်မီမှာ မိဖုရားစောဥမ္မာကို စိတ်မချတာကြောင့် လူယုံ ငနု ကို သွားရောက်လုပ်ကြံစေခဲ့ပါတယ်။ မိဖုရားစောဥမ္မာရဲ့ ‘ဟဲ့ငနု နင်ယောင်္ကျားမဟုတ်လော’ ဟူသော စကားတစ်ခွန်းကြောင့် ငနုဟာ စောဥမ္မာရဲ့ မာယာထဲနစ်မြောသွားခဲ့ပါတယ်။ သတိုးမင်းဖျား နတ်ရွာစံပြီးနောက် မှူးမတ်တို့က ရမည်းသင်းစားသီလဝကို ထီးနန်းအပ်သော်လည်း လက်မခံပဲ အမြင့်စားမင်းကြီးစွာစော်ကဲ ကို လွှဲလိုက်တာကြောင့် ‘မရွယ်ပဲစော်ကဲမင်းဖြစ်’ စကား ပေါ်လာခဲ့ရပါတယ်။

သတိုးမင်းဖျားနတ်ရွာစံချိန်တွင် သက်တော် ၂၄ နှစ် ကျော်သာ ရှိပါသေးတယ်။ တိုတောင်းလှတဲ့ နန်းသက် ၃ နှစ် အတွင်းမှာ အသက်အရွယ်နဲ့ မလိုက်အောင် မြို့သစ်တည်ခြင်း ၊ နယ်ပယ်ချဲ့ထွင်းရေး နှင့်တိုင်းပြည်တည်ငြိမ်ရေးကို လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပြီး လေးစားဖို့ကောင်းတဲ့ဘုရင်တစ်ပါးပဲ ဖြစ်ပါတော့တယ်။

ကိုးကား

ကျွန်းဦးတည့်သန်လျက်ခုံ – ဒဂုန်ခင်ခင်လေး
မသက်ဇင်ဘလော့
သမိုင်းပုံရိပ်များ
မြန်မာ့စွယ်စုံကျမ်း

No comments:

Powered by Blogger.