Header Ads

သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်ကိုပြန်လာတဲ့ စုဖုရားလတ် နှင့် အင်တာဗျူး

သီပေါမင်း နတ်ရွာစံတော့ စုဖုရားလတ်ဟာ ရန်ကုန်ကို ပြန်လာခဲ့ပြီး ကိုယ့်မင်းကိုယ်ချင်းလမ်း အမှတ် ၂၄ နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မိဖုရားကြီးနေထိုင်ရာအိမ်ကို ၁၉၂၄ ခုနှစ်မှာ ဗန္ဓုလသတင်းစာ သတင်းထောက်တစ်ဦးမှ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
သတင်းထောက် – အရှင်မိဖုရားကြီး အသက်ဘယ်လောက်ရှိပါပြီလဲ။
စုဖုရားလတ် – ၆၅နှစ် ရှိပါပြီ ။ မေးချင်တာရှိရင် မေးပါ။
သတင်းထောက် – ရတနာဂီရိမှာ စံနေတော်မူတုန်းက လစာရိက္ခာတော် ဘယ်လောက်ဆက်သပါသလဲ။
စုဖုရားလတ် – ပထမ တစ်သောင်းဆက်တယ် ။ နောက် ခြောက်ထောင်ပဲ ဆက်တော့တယ်။
သတင်းထောက် – ရိက္ခာအပြင် အပိုဆက်တာ ရှိပါသလား။
စုဖုရားလတ် – လစာအပြင် နှစ်စဉ်နှစ်တိုင်း တန်ခူးလမှာ ငါးထောင် ၊ သီတင်းကျွတ်လမှာ တစ်ထောင့်ငါးရာ ၊ မောင်တော်နဲ့ စုဖုရားမွေးနေ့တွေအတွက် သုံးထောင်ဆက်ပါတယ်။

သတင်းထောက် – အခုမြန်မာပြည်ပြန်ရောက်ပြီးတော့ရော ရိက္ခာတော် ဘယ်လောက်ဆက်သလဲ။
စုဖုရားလတ် – နှစ်ထောင့်ငါးရာ ဆက်ပါတယ်။
စုဖုရားလတ် – မြတောင်ဘုန်းကြီးပျံအတွက် ငွေတစ်ထောင်လှူတုန်းက တရုတ်ဇနီးသည် တစ်ယောက်ဆီက ချေးငှားခဲ့ရတယ်။ အခုထိဆပ်လို့ မပြေသေးပါဘူး။
သတင်းထောက်က နေထိုင်ရာ အိမ်နဲ့ ပါတ်သတ်ပြီး ဆက်လက်အင်တာဗျူးပါတယ်။
သတင်းထောက် – ဒီအိမ်ဟာ အစိုးရအိမ်တော်ဖြစ်ပါသလား။
စုဖုရားလတ် – အစိုးရပေးတဲ့အိမ်ပါပဲ ။ ဒါပေမယ့် အိမ်တော်ဝန်းက မြေကွက်လပ်လေးပေါ်မှာ ပန်းဥယျာဉ် လုပ်လို့ အခွန်တောင်းသေးတယ်။ ခုခံပြောလို့ မပေးရတော့တာ။
ထိုစဉ် စကားဝိုင်းသို့ သမီးတော် မဒရပ် စုဖုရား ဝင်ပါလာပါတယ်။ ဒါပေမယ့် သမီးတော်ဟာ မြန်မာစကားကို ပီသအောင်မပြောနိုင်ပါဘူး။ မိဖုရားကြီးကတော့ မြန်မာစကား ၊ ဟင်ဒူူစတန်နီ ၊ အင်္ဂလိပ်စကား ၊ မာရဝီ နဲ့ ဂိုပါ စကားတွေကို တတ်ကျွမ်းတယ်လို့ သိရပါတယ်။

သတင်းထောက်က သတင်းသမားပီပီ သတင်းကိစ္စ နဲ့ ပတ်သတ်ပြီး ဆက်မေးပါတယ်။
သတင်းထောက် – ရတနာဂီရိမှာ စံတော်မူတုန်းက မြန်မာပြည်က သတင်းစာတွေကို ကြည့်ရှုတော်မူပါသလား။
စုဖုရားလတ် – ဟံသာဝတီသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေကို အမြဲဖတ်ရှု့ခဲ့ပါတယ်။
အဲဒီနောက် ရတနာဂီရိက စံအိမ်တော်အကြောင်း ဆက်လက်မေးမြန်းပြီး မိဖုရားကြီး အတွင်းတော်ဝင်သွားတဲ့အတွက် အင်တာဗျူးအဆုံးသတ်သွားပါတော့တယ်။
ကိုးကား :
သမိုင်းထဲက အင်တာဗျူး အင်တာဗျူးထဲက သမိုင်း – တင်နိုင်တိုး

No comments:

Powered by Blogger.